ဂိုးပေါက်ပြန်တွေ့ခဲ့တဲ့ စတာလင်နဲ့ ပတ်သက်ကာ ရွိုင်ကိန်းစတိုင်လ် မှတ်ချက်ပေးသွားတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းတက် ဘန်လေ အသင်းကို အနောက်ကနေ လိုက်ကစားပြီး ၁ – ၄ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရသွားပါတယ် ။ ဒီပွဲမှာ ချဲလ်ဆီးဖက်က ရခဲ့တဲ့ သွင်းဂိုးတိုင်းဟာ တောင်ပံကစားသမား ရာဟင်း စတာလင်နဲ့ ပတ်သက်မှု ရှိခဲ့ပါတယ် ။

ပထမပိုင်း ပြီးခါနီး ရခဲ့တဲ့ အဖွင့်ချေပဂိုးဟာ စတာလင်ရဲ့ ဖြတ်တင်ဘောမှ ရလာခဲ့တာ ဖြစ်သလို ၊ ကိုးလ်ပါလ်မာရဲ့ ပင်နယ်တီဂိုးဟာလည်း ၄င်းကို ပြစ်ဒဏ်ကျူးလွန်မှုတဆင့် ရခဲ့တာ ဖြစ်ပါတယ် ။ တတိယ ဦးဆောင်ဂိုးကို စတာလင် ကိုယ်တိုင် အဆုံးသတ် သွင်းယူခဲ့ကာ ၊ အပိတ်ဂိုးကိုတော့ ၄င်းက စတင် တည်ပေးခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက ဂိုးပေါက် ပြန်တွေ့ခဲ့တဲ့ စတာလင်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ‘ ဒါက သူ့အလုပ်လေ ‘ ဆိုတဲ့ ရွိုင်ကိန်းရဲ့ နာမည်ကြီး မှတ်ချက် စတိုင်လ် အတိုင်း အခုလိုပဲ သုံးသပ်ပေးသွားပါတယ် ။

ပိုချက်တီနို က ” ဒါက သူ့အလုပ် မဟုတ်လား? ကောင်းကောင်းကစားပြဖို့လေ ။ အသင်းသား အားလုံး ကစားပုံ ကောင်းခဲ့ကြပြီး ၊ ဒီနေ့မှာ သူလည်း ထိုနည်းတူပါပဲ ။ သူဟာ ဒီနေ့ သွင်းဂိုးတွေ အားလုံးမှာ ပါဝင်ပတ်သက်ခဲ့ပြီး ၊ သူ့အတွက် ၊ အသင်း အတွက် ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ ”

” အသင်းလိုက် စွမ်းဆောင်ရည်က အံ့သြဖွယ် ဖြစ်ပြီး ၊ သူတို့ဟာ ဒီအနိုင်ရလဒ်နဲ့ ထိုက်တန်မှု ရှိပါတယ် ။ နိုင်ငံတကာ ပွဲကာလမတိုင်မီ အခုလိုမျိုး မတူညီတဲ့ ခံစားချက် တမျိုးနဲ့ သူတို့ကို စေလွှတ်ရလို့ အရမ်း ပျော်ရွှင်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပိုချက်တီနို က ” သူဟာ လက်ရွေးစင် အသင်းမှာ အရွေးခံရဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ ကိုယ့်ရဲ့ စွမ်းဆောင်ရည် မြင့်တက်ဖို့ လိုတယ်ဆိုတာ သိထားတဲ့ ၊ လက်ရွေးစင် နည်းပြကို သူ့ရဲ့ ဆုံးဖြတ်ချက် မှားယွင်းကြောင်း သက်သေပြသလိုတဲ့ ကစားသမား တယောက်ပါ ။ ”

” ကွင်းတွင်းစွမ်းဆောင်ရည်နဲ့ သွင်းဂိုးတွေကသာ သူ့ကို လက်ရွေးစင် အသင်းမှာ အရွေးခံရဖို့ ထိုက်တန်တယ်စေမှာပါ ။ ဒီကြားထဲ ကျန်တာ ဘာတခုမှ လက်ခံစရာမရှိပါဘူး ။ ခင်ဗျားဟာ လက်ရွေးစင် အသင်းရဲ့ လူစာရင်းက ချန်လှပ်ခံရရင် ဒါက ခင်ဗျား အတွက် ကိုယ်နဲ့ ထိုက်တန်ကြောင်း သက်သေပြရမယ့် အချိန် ဖြစ်ပါတယ် ။ ဒီအတွက် ခင်ဗျားဟာ ကွင်းတွင်း ခြေစွမ်း တခုတည်းနဲ့သာ သက်သေပြလို့ ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပွဲအပြီး အင်တာဗျူးမှာ Man of the Match ဆုရှင် စတာလင် က လက်ရွေးစင်အဆင့်မှာ ထပ်မံ အရွေးမခံခဲ့ရခြင်းနဲ့ ပတ်သက်ပြီး ” ဒီနေ့ပွဲက ခြေစွမ်းဟာ ကျွန်တော့မှာ သက်သေပြစရာတွေ ရှိနေတာကြောင့် ဖြစ်လာတာလို့ မပြောလိုပါဘူး ။ ကျွန်တော်တို့ ပွဲစတင်ပုံ ကောင်းခဲ့ပြီး ၊ မထင်မှတ်ပဲ ဂိုးပေးခဲ့ရပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက် တွန်းအားပေး ၊ ကစားပုံ တည်ဆောက်ခဲ့ပါတယ် ။ ”

” ရလာတဲ အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချခဲ့တာကြောင့် အဆုံးမှာ ဒါက ကောင်းမွန်တဲ့ စွမ်းဆောင်ရည် တရပ် ဖြစ်ခဲ့ပါတယ် ။ ဂိုးစပေးလိုက်ရလို့ ကျွန်တော်တို့ စိတ်ပျက်ခဲ့ပေမယ့် ၊ ကျွန်တော်တို့ဟာ အရှုံးပေးမှာ မဟုတ်တဲ့ အကြောင်း ၊ တဆင့်ချင်းစီ တပတ်ပြီး တပတ် အခြေခံအုတ်မြစ် တရပ် တည်ဆောက်နေတဲ့ အကြောင်း ဒီရလဒ်က ထပ်မံ ပြသလိုက်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။